၂၀၂၀ ခုနှစ် အိုလံပစ် ပွဲတော်ကို ပံ့ပိုးထားတဲ့ နည်းပညာများ


၂၀၂၀ ခုနှစ်မှာ အိုလံပစ်ပွဲတော်ကို တိုကျိုမှာ ခမ်းခမ်း နားနား ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြို့ရဲ့ လမ်းမီးများကနေ ပွဲကြည့်စင် အထိ အကောင်းဆုံး နည်းပညာများကို ထည့်သွင်းထားကြမှာ ဖြစ်ပါတယ်။ ဂျပန်ဟာ သူ့ရဲ့ အင်ဂျင်နီယာနဲ့ တီထွင် ဖန်တီးမှုများကြောင့် ကမ္ဘာမှာ လူသိများပါတယ်။ တိုကျို အိုလံပစ်ပွဲမှ နည်းပညာများဟာ အလှပြရုံ သက်သက်သာမဟုတ်ဘဲ အားကစား သမားများနဲ့ ပွဲကြည့်သူများ အတွက်ပါ အသုံးဝင်အောင် ပြုလုပ်ထားမှာလို့ အိုလံပစ် ကော်မတီနဲ့ တိုကျိုမှ အာဏာပိုင်များက ပြောပါတယ်။ ကမ္ဘာအ၀န်းမှ အိမ်များကနေ ကြည့်သူများကလည်း နောက်ဆုံးပေါ် နည်းပညာကို လေ့လာနိုင်မှာပါ။

အီလက်ထရစ် ယာဉ်များ

တိုကျို အိုလံပစ်ရဲ့ တရားဝင် မော်တော်ယာဉ် ထောက်ပံ့သူ ဖြစ်တဲ့ တိုယိုတာက ဧည့်သည်များနဲ့ အားကစားရွာမှ အားကစားသမားများကို အကြို၊ အပို့ ပြုလုပ်ဖို့အတွက် သူ့ရဲ့ အီလက်ထရစ် e-Palette ကားများကို အသုံးပြုဖို့ စီစဉ်နေပါတယ်။ အဲဒီကားဟာ ဘတ်စ်ကားနဲ့ ဆင်တူပေမယ့် တစ်မူထူးခြားတဲ့ ဒီဇိုင်း ရှိပါတယ်။ အစောပိုင်း ကား နမူနာ မော်ဒယ်များကို စားသောက်ဆိုင်နဲ့ စတိုးဆိုင်လိုမျိုး သုံးနိုင်တယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။ ဒါပေမယ့် အိုလံပစ်ပွဲမှာတော့ သူတို့ကို ခရီးတိုများအတွက် ဖယ်ရီလို သုံးမှာပါ။


e-Palette ရဲ့ အောက်ခြေ ကြမ်းပြင်ဟာ နိမ့်တဲ့ အတွက် မသန်စွမ်း အားကစား သမားများနဲ့ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းနေသူများ အတွက် အလွန် ကောင်းပါတယ်။ တိုယိုတာက တိုကျိုရဲ့ Toyota Water Front City နဲ့ Haneda တို့မှာလည်း မောင်းသူမဲ့ ကားများကို သရုပ်ပြမှာပါ။ အဲဒီကားများမှာ Level Four Automation ပါတဲ့အတွက် လူရဲ့ အကူအညီ လုံးဝ မပါဘဲ မောင်းနှင်နိုင်ပါတယ်။

တိုယိုတာရဲ့ Concept-I ကိုလည်း အိုလံပစ်မှာ ပြသမှာပါ။ အဲဒီ မောင်းသူမဲ့ ကားမှာ ခရီးသည်ရဲ့ စိတ်ခံစားမှုနဲ့ နှစ်သက်မှုများကို သိနားလည်တဲ့ AI Assistant ပါပြီး လူများနဲ့ စကားစမြည် ပြောနိုင်ပါတယ်။

VR နဲ့ Drone များ

အိုလံပစ်ပွဲကို အနီးကပ် ကြည့်ဖို့အတွက် တိုကျိုကို သွားဖို့ မလိုပါဘူး။ Intel ကလည်း နိုင်ငံတကာ အိုလံပစ် ကော်မတီရဲ့ ပါတနာ တစ်ဦး ဖြစ်ပြီး တိုကျို အိုလံပစ်မှာ အဆင့်မြင့် နည်းပညာများဖြင့် ဖျော်ဖြေမှုပေးမယ်လို့ ကြေညာထားပါတယ်။


နေအိမ်ကနေ ကြည့်မယ့် လူများအတွက် Intel က သူ့ရဲ့ True VR Platform ကနေ Live VR ဖြင့် ထုတ်လွှင့်ပြသပေးမှာပါ။ ဒါ့အပြင် ၃၆၀ ဒီဂရီ မြင်ကွင်းကျယ်ဖြင့် Replay ကြည့်နိုင်ပါတယ်။ အဲဒီအတွက် သင်ဟာ နေအိမ်ကနေပဲ ကွင်းထဲ ရောက်နေသလို ခံစား ကြည့်ရှုရမှာပါ။

ဒါ့အပြင် Intel က အားကစားကွင်းများရဲ့ အထက်မှာ Shooting Star Drones များဖြင့် ဖျော်ဖြေမှာပါ။ ဒရုန်းများက သူတို့ရဲ့ မီးသီးများဖြင့် 3D Image များကို ဖန်တီးမှာပါ။ သူတို့က ညီညာစွာဖြင့် ကပြကြပါသေးတယ်။

အမှိုက်ကနေ ဖန်တီးမယ့် ဆုတံဆိပ်များ

တိုကျို အာဏာပိုင်များက ပွဲမှာ ချီးမြှင့်မယ့် ဆုတံဆိပ်များကို အီလက်ထရောနစ် စွန့်ပစ် ပစ္စည်းများကနေ ဖန်တီးဖို့ စီစဉ်နေပါတယ်။ ဖုန်းအဟောင်းများနဲ့ သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာများကို လှူဒါန်း သို့မဟုတ် စွန့်ပစ်နိုင်မယ့် နေရာများကို ထားရှိပေးထားပါတယ်။ စွန့်ပစ် အီလက်ထရောနစ် ကိရိယာများဟာ ၂၀၂၀ တိုကျို အိုလံပစ်ပွဲတစ်ခုလုံးအတွက် ဆုတံဆိပ် အားလုံးကို ဖန်တီးပေးနိုင်လောက်အောင် လုံလောက်တယ်လို့ တွက်ချက်ထားကြပါတယ်။

Source Digital Time


Youtube Channelလေးကို Subscribeလေးနှိပ်ထားပေးနော်




ပါဝင်ရေးသားကြသူမျာ.....

ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)


No comments

Powered by Blogger.